နှလုံးအတွက် စားပေးရမယ့် အဆီတွေနဲ့ မစားသင့်တဲ့ အဆီတွေ
အဆီနဲ့ နှလုံးဟာ ရန်သူတွေလို့ လူအများစုက ထင်တတ်ကြပါတယ်။ နှလုံးရောဂါရှင်တွေဟာ အဆီတွေ အစားများရင် သွေးထဲမှာ ကိုလက်စထရောတွေတက်ကာ နှလုံးနဲ့ ဦးနှောက်သွေးကြောတွေ ပိတ်ပြီး လေဖြတ်တာ၊ နှလုံးအမောဖောက်တာတွေ ဖြစ်မှာကို ကြောက်ကြပြီး အဆီဆို ဝေးဝေးရှောင်လေ့ရှိကြပါတယ်။
တကယ်တော့ အဆီတွေထဲမှာ နှလုံးအတွက် ရန်သူဖြစ်တဲ့ အဆီတွေရှိသလို နှလုံးကျန်းမာရေး ကောင်းစေတဲ့ မိတ်ဆွေလို့ ဆိုရမယ့် နေစ့ဥ်စားသင့်တဲ့ အဆီတွေတွေလည်း ရှိပါတယ်။
အဆီအမျိုးအစား (၄) မျိုး ရှိရာမှာ Monounsaturated Fats နဲ့ Polyunsaturated Fats လို့ခေါ်တဲ့ မပြည့်ဝဆီတွေက စားသင့်တဲ့ အဆီတွေ ဖြစ်ပြီး ပြည့်ဝဆီ -Saturated Fats နဲ့ Trans Fats တွေကတော့ မစားသင့်တဲ့ အဆီတွေ ဖြစ်ပါတယ်။
မပြည့်ဝဆီတွေက…
- LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောတွေနဲ့ Triglycerides အဆီတွေကို လျော့နည်းစေပြီး HDL လို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရောတွေ များစေတာ
- သွေးခဲဖြစ်နှုန်းကို လျော့နည်းစေတာ
- သွေးဖိအားကျစေတာ
- နှလုံးခုန်နှုန်းနဲ့ နှလုံးစည်းချက်ကို ထိန်းညှိပေးတာတွေကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ထောပတ်သီး၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ မြေပဲလို အစေ့အဆန်တွေ၊ သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ကန်နိုလာဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီတွေက Monounsaturated Fats ကြွယ်ဝတဲ့ အစားအစာတွေပါ။
Polyunsaturated fats ဆိုတာက Omega-3 နဲ့ Omega-6 ဖြစ်ပြီး တူနာ၊ ဆယ်လ်မွန်နဲ့ ငါးသလောက်လို အဆီများတဲ့ ငါးတွေ၊ နှမ်းကြတ်စေ့၊ ချီယာစေ့၊ Flaxseedတွေ၊ သစ်ကြားသီးလို အခွံမာသီးတွေ၊ ပဲပိစပ်ဆီ၊ နေကြာဆီနဲ့ ကန်နိုလာဆီတွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ပြည့်ဝဆီနဲ့ Trans Fats တွေက…
LDL ကိုလက်စထရောတွေ များစေပြီး HDL ကိုလက်စထရောတွေ လျော့နည်းစေလို့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
ပြည့်ဝဆီဟာ အသားတွေမှာ ကပ်နေတဲ့အဆီတွေ၊ ကြက်အရေခွံ၊ ဝက်ခေါက်၊ ဝက်ပေါင်ခြောက်၊ ထောပတ်၊ အုန်းဆီ၊ စားအုန်းဆီ၊ ဟင်းသီးဟင်းရွက်ဆီနဲ့ ဘီစကစ်၊ ကွက်ကီး၊ ကိတ်မုန့်၊ ရေခဲမုန့်တို့လို ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပါဝင်ပါတယ်။
Trans Fats ဆိုတာကတော့ အလွယ်ပြောရရင် အပူချိန်မြင့်မြင့်မှာ ကြော်ထားတာနဲ့ ထပ်ကာထပ်ကာ ကြော်ထားတာကြောင့် Free Radicals တွေ ထွက်နေတဲ့ ဆီတွေနဲ့ ၄င်းဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို ဆိုလိုတာပါ။ ကိတ်မုန့်၊ ကွတ်ကီး၊ ပီဇာ၊ ဟမ်ဘာဂါ၊ ဒိုးနတ်၊ အာလူးကြော်၊ ကြက်ကြော် စတဲ့ ကြွပ်ရွအောင် ကြော်ထားတဲ့ အကြော်တွေ၊ ကော်ဖီထဲ ထည့်တဲ့ နို့မှုန့် အစားထိုး Creamer၊ မာဂျရင်း စတာတွေဟာ Trans Fats မြင့်မားစွာ ပါဝင်တဲ့ အစားအစာတွေပါ။
နှလုံးသားလေး ကျန်းမာဖို့ဆိုရင် မပြည့်ဝဆီတွေ နေ့စဥ်ပါအောင် စားသုံးဖို့ လိုအပ်သလို ပြည့်ဝဆီနဲ့ Trans Fats တွေကို အပြည့်အဝ ရှောင်ရှားဖို့ လိုပါတယ်။ ဒါမှသာ ကျန်းမာတဲ့ နှလုံးသားလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်